လူမိုက်သည် သူ့နားရွက်ကိုသာ မြင်ကောင်း မြင်မယ်၊ သူ့အပြစ်ကိုတော့ မြင်မှာ မဟုတ်ဘူး။ “ဓမ္မဒူတဆရာတော်”။ Easily seen are other's faults; hard indeed it is to see one's own faults. "K.Sri Dhammananda"

ဝိပဿနာဉာဏ်စဉ် (၁၀)ပါး

စကားပလ္လင် ခံထားခဲ့တဲ့အတိုင်း ယနေ့ ၀ိပဿနာရှုပွားသူတို့အတွက် သိသင့်တဲ့ ၀ိပဿနာ ဉာဏ်စဉ် (၁၀)ပါးကို တစ်ပါးချင်းရဲ့ အဓိပ္ပါယ်နှင့်တကွ ပြောပြပေးပါမယ်။ လပြည့်ဝန်းလေးရဲ့ ကိုယ်တိုင်အသိတော့ မဟုတ်ပါဘူး။ စာသိနှင့် နာယူဘူးတဲ့ ဆရာတော်ကြီးများ၏ မိန့်ကြားချက်များ အတိုင်း ပြောပြပေးမှာပါ။
ဝိပဿနာ ဉာဏ်စဉ် (၁၀)ပါးကို မူရင်းပါဠိစာပေလာအတိုင်း မှတ်သားလိုက်ရအောင်...
၁။ သမ္မသနဉာဏ=(သမ်မသနဉာဏ်-လို့ ဖတ်ပါ) ရုပ်တရား+ နာမ်တရားတွေကို မမြဲခြင်းသဘော (အနိစ္စ)၊ ဆင်းရဲခြင်း သဘော (ဒုက္ခ)၊ အစိုးမရခြင်း သဘော (အနတ္တ)အားဖြင့် မိမိဉာဏ်မှာ ထင်းရှားစွာ မြင်သိသောဉာဏ်။
၂။ ဥဒယဗ္ဗယဉာဏ= (ဥဒယဗ်+ဗယဉာဏ်-လို့ ဖတ်ပါ) ရုပ်တရား + နာမ်တရားတွေရဲ့ အဖြစ်+အပျက်သဘောကို မိမိဉာဏ်အမြင်မှာ ထင်ရှားစွာ သိသောဉာဏ်။
(ဒီဉာဏ်အဆင့်ရောက်လာရင် တချို့ယောဂီများအတွက် အရင်ပို့စ်မှာ ပြောထားတဲ့ အထက်ဉာဏ်စဉ်များ တက်လှမ်းဖို့ အန္တရာယ်များ ဖြစ်တတ်ပါတယ်။
၃။ ဘင်္ဂဉာဏ= (ဘင်ဂဉာဏ်-လို့ ဖတ်ပါ) ရုပ်နာမ်တွေရဲ့ အဖြစ်+အပျက်သဘောတွေကို ရှုဖန်များ မြင်ဖန်များလာတော့ ရုပ်တရား+ နာမ်တရားတွေရဲ့ အဖြစ်+အပျက်တွေက မြန်လွန်းလာသဖြင့် ရုပ်တရား+ နာမ်တရားတို့ “ဖြစ်”လာတာကို မမြင်တော့ပဲ အပျက်တွေချည်းပဲ မြင်လာတဲ့ဉာဏ်၊
၎။ ဘယဉာဏ= (ဘယဉာဏ်-လို့ ဖတ်ပါ) ယင်းကဲ့သို့ ရုပ်တရား+ နာမ်တရားတွေရဲ့ အပျက်တွေကိုသာ မြင်ဖန်များလာတော့ မိမိရခဲ့ဘူး၊ ရဆဲ၊ ရလတ္တံ့သော ရုပ်နာမ်တရားတွေအပေါ် ဒီလိုပဲ “ဒုက္ခစသည်တွေ ဖြစ်ခဲ့ဘူး၊ ဖြစ်ဆဲ၊ဖြစ်အုန်းမှာပါလား”ဟု မိမိဉာဏ်စဉ်မှာ ရုပ်နာမ်တရားတွေအပေါ် ၀ိပဿနာဉာဏ်နှင့်ယှဉ်သော ကြောက်မက်ဖွယ် “ဘေး”ဟုမြင်လာသောဉာဏ်၊
(အမှာ= ဤဉာဏ်စဉ်ဖြင့် မြင်သော “ကြောက်မတ်ဘွယ် ဘေး”သည် တခြား ကြောက်စရာများကို မြင်၍ ကြောက်လန့်သော ဒေါသဦးစီးသော ကြောက်လန့်ခြင်းမျိုး မဟုတ်ပါ။ သံသရာဝဋ်ဒုက္ခဘေးကို မြင်၍ ကုသိုလ်ဝိပဿနာဉာဏ်နှင့် ယှဉ်သော ကြောက်လန့်ခြင်း ဖြစ်တယ်ဆိုတာ မှတ်သားပါ။)
၅။ အာဒီနဝဉာဏ= (အာဒီန၀ဉာဏ်-လို့ ဖတ်ပါ) ရုပ်တရား+ နာမ်တရားများအပေါ် ကြောက်မက်ဖွယ်ဟု မြင်လာပြီးနောက် ရုပ်တရား+ နာမ်တရားများအပေါ် “အပြစ်”ဟု မြင်လာသောဉာဏ်၊
၆။ နိဗ္ဗိဒါဉာဏ= (နိဗ်ဗိဒါဉာဏ်-လို့ ဖတ်ပါ) ယင်းကဲ့သို့ ရုပ်တရား+ နာမ်တရားများအပေါ် အပြစ်ဟု မြင်လာပြီးနောက် မိမိရရှိထားသော ရုပ်တရား+ နာမ်တရားများအပေါ်မှာ “ငြီးငွေ့ခြင်း”ဖြစ်လာသောဉာဏ်၊
၇။ မုစ္စိတုကမျတာဉာဏ= (မုစ်စိတု-ကမျတာဉာဏ်-လို့ဖတ်ပါ) ယင်းကဲ့သို့ မိမိတို့ရဲ့ ရုပ်တရား+ နာမ်တရားအပေါ်မှာ ငြီးငွေ့ခြင်းဖြစ်လာပြီးနောက် ၄င်းရုပ်တရား+ နာမ်တရားများမှာ “လွတ်မြောက်ချင်စိတ်” ဖြစ်လာတဲ့ဉာဏ်၊
၈။ ပဋိသင်္ခါဉာဏ= (ပဋိသင်ခါဉာဏ်-လို့ ဖတ်ပါ) ယင်းကဲ့သို့ ရုပ်တရား+ နာမ်တရားများမှ လွတ်မြောက်ချင်စိတ် ဖြစ်လာပြီးနောက် ရုပ်တရား+ နာမ်းတရားများကို အနိစ္စ (မမြဲ)၊ ဒုက္ခ (ဆင်းရဲ)၊ အနတ္တ (အစိုးမရ)ခြင်း သဘောအားဖြင့် “အဖန်ဖန်အထပ်ထပ်” ရှုပွားတဲ့ဉာဏ်၊
၉။ သင်္ခါရုပေက္ခာဉာဏ= (သင်ခါရု-ပေက်ခါဉာဏ်-လို့ ဖတ်ပါ) ဒီဉာဏ်အဆင့်တွင် မိမိ၏ ရုပ်တရား+ နာမ်တရားတွေရဲ့ သိမ်မွေ့မှု ဖြစ်လာပြီဖြစ်၍ ရုပ်တရား+ နာမ်တရားများရဲ့ အဖြစ်+ အပျက်တွေအပေါ်မှာ “တည့်မက်စွာ ထားနိုင်တဲ့ဉာဏ်”ဖြစ်ပေါ်လာတာကို (သင်္ခါရုပေက္ခာဉာဏ်)လို့ ခေါ်တာပါ၊
၁၀။ အနုလောမဉာဏ= (အနုလောမဉာဏ်-လို့ ဖတ်ပါ) မဂ်ဉာဏ်+ဖိုလ်ဉာဏ်ရဖို့ “လျော်ကန် သင့်မြတ်သောဉာဏ်”။
ဆိုလိုတာက ပြီးခဲ့တဲ့ (၁-ကနေ ၈-အထိ) ဉာဏ်စဉ် (၈)ပါးရဲ့ အထောက်အပံ့ကြောင့် ဖြစ်လာရလို့ ယင်း အောက်ဉာဏ်စဉ် (၈)ပါးအား လျော်ကန်သင့်မြတ်တဲ့ ဉာဏ်စဉ်ဖြစ်သလို၊ အထက်မဂ်ဉာဏ်/ ဖိုလ်ဉာဏ်ရဖို့ ဉာဏ်အားလည်း လျောက်ပတ်သင့်လျော်တဲ့ ဉာဏ်စဉ်ဟု ဟိုလိုပါတယ်။ ဤဉာဏ်အဆင့်ရောက်ပြီးလျှင် မဂ်စိတ်တစ်ကြိမ်ကျကာ ပထမဆုံးသော အရိယာနွယ်ဝင် သောတာပန် အရိယာဖြစ်ပါတယ်။
စာနဲ့ပြောနေလို့ပါ... တကယ်နည်းစနစ်ကျကျဖြင့် ကျင့်ကြံအားထုတ်မယ်ဆိုရင် ဒီပြောပြတဲ့ အချိန်လောက်တောင် မကြာပါဘူး။ အဘိဓမ္မာအပိုင်း (၉)ကမ္မဋ္ဌာန်ပိုင်းကို အခြေခံလျှက် ရေးသားပါသည်။
ဒီနေ့ ဒီမျှသာ...
အကျယ်အဓိပ္ပါယ်များ ဆက်လက်တင်ပြပေးပါမည်။

ဆက်ဖတ်ရန် ကျန်ပါသေးတယ်.....

0 comments Jun 2, 2010

ဝိပဿနာအားမထုတ်ခင် သိသင့်တဲ့အချက် (၁၀)ချက်

ဝိပဿနာတရား ရှုမှတ်သူတို့အတွက် မှတ်သားဖွယ်၊ တကယ် ကြိုတင် သိထားဖွယ် အကြောင်းအရာလေးကို ပြောပြပါမယ်။ ယနေ့ခေတ်မှာ တရားရှုလို့ ရူးသွားတာလို့ ပြောကြတဲ့ စကား ကြားဘူးမယ် ထင်ပါတယ်။ ကိုယ်တိုင်လည်း တရားရှုမှတ်ရင်း စိတ်ငြိမ်လာကာ၊ ခန္ဓာကိုပေါ့ပါးလာပြီး ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ သဘောမျိုး ကြုံဘူးမယ်ထင်ပါတယ်။ အဲဒီအခါ မိမိကိုယ်ကို စိတ်ကြီးဝင်လကာ အရင်က မဖြစ်ဘူးတဲ့ အတွက် အထင်ကြီးပြီး တရားထူး ရပြီလို့ အထင်မှားတတ်ပါတယ်။
တချို့လည်း တရားပြသူတို့က ဆုံးဖြတ်ချက်ချ မှားတာလည်း မျိုးလည်း ဖြစ်တတ်ပါတယ်။ တကယ်တရားထူး ရသူသည် အထင်ကြီးမှုမျိုး ဖြစ်မည် မဟုတ်ပါ။ ယင်းသို့ ဖြစ်ရတာသည် တရားအားမထုတ်ခင် ကြိုတင်သိသင့်တာကို သိအောင် မလုပ်ထားလို့ ဖြစ်စေ၊ တရားပြဆရာက တရားရှုမှတ်သူတို့အား သိသင့်တာကို ပြောမထားလို့ ဖြစ်စေ ဖြစ်တတ်ပါတယ်။
တရားရှုမှတ်ရင်း ၀ိပဿနာဉာဏ်စဉ်တွေ အဆင့်ဆင့်တက်လာပြီးနောက်... မိမိရှုမှတ်တဲ့ ဉာဏ်စဉ်ဟာ ရုပ်တရား+နာမ်တရားတွေရဲ့ ဖြစ်စဉ်/ ပျက်စဉ်တွေကို ထင်ထင်ရှားရှားသိတဲ့ (ဥဒယဗ္ဗယ=အဖြစ်အပျက်ကို သိတဲ့ဉာဏ်) ဖြစ်လာပါတယ်။
မိမိရှုမှတ်တဲ့ ဉာဏ်စဉ်က ရုပ်+နာမ်တရားတွေရဲ့ အဖြစ်+အပျက်ကို ထင်ရှားစွာ သိမြင်လာသောအခါ မိမိစိတ်သည် လွန်စွာ ကြည်လင်လာရကား စိတ်ကြည်လင်မှုကြောင့် မိမိရဲ့ ရုပ်ခန္ဓာကလည်း ကြည်လင်လာပြီး ကိုယ်ရောင် ကိုယ်ဝါထွက်လာခြင်း စတဲ့ ၀ိပဿနာ ညစ်ငြူးကြောင်း (တရားထူးရပြီလို့ အထင်မှားကြောင်း)များ ဖြစ်လာတတ်ပါတယ်။
ယင်းကဲ့ တရားအားထုတ်ရင်း ဖြစ်လာတတ်တဲ့ ၀ိပဿနာညစ်ငြူးကြောင်း (တရားထူးရပြီးလို့ အထင်မှားကြောင်း)များက (၁၀)ပါး ရှိပါတယ်။
၁။ သြဘာသ= စိတ်ကြည်လင်လာသည်နှင့် အမျှ ရုပ်ခန္ဓာကပါ ကြည်လင်လာ၍ ခန္ဓာကိုယ်မှ ကိုယ်ရောင် ကိုယ်ဝါများ ထွက်လာတတ်ခြင်း၊
၂။ ပီတိ= အဘိဓမ္မာအကြောင်း ပြောပြစဉ် (စေတသိက်ပိုင်း)က ပြောပြခဲ့တဲ့ သာမာန်နှစ်သက်မှုမျိုး မဟုတ်ပဲ... လွန်ကဲတဲ့ နှစ်သက်မှုများ ဖြစ်လာတတ်ခြင်း၊
၃။ ပဿဒ္ဓိ= ကိုယ်စိတ်နှစ်ပါးလုံးပင် သာမာန်ဖြစ်ရိုး ဖြစ်စဉ်ထက် လွန်ကဲကာ အေးချမ်းမှုမျိုး ဖြစ်ပေါ်လာတတ်ခြင်း၊
၎။ အဓိမောက္ခ= ကမ္မဋ္ဌာန်းအာရုံ၌ သက်ဝင်ဆုံးဖြတ်တတ်သော ယုံကြည်မှုတရားလည်း သာမာန်ထက် လွန်ကဲကာ ဖြစ်လာတတ်ခြင်း၊
၅။ ပဂ္ဂဟ (၀ီရိယ)= ရှုမှတ်နေတဲ့ ၀ိပဿနာစိတ်အာရုံကို နောက်ဆုတ် မသွားရအောင် လွန်ကဲတဲ့ တွန်းအားမှုမျိုး ဖြစ်အောင် မိမိစိတ်ကို ချီးမြှောက်တဲ့၊ အားပေးတဲ့ စိတ်မျိုး ဖြစ်လာတတ်ခြင်း၊
၆။ သုခ= ဆီဖြင့် စိမ်ထားသော ၀ါဂွမ်းပမာ ယောဂီပုဂ္ဂိုလ်၏ တကိုယ်လုံး၌ မွန်မြတ်သော ရုပ်အစဉ်တွေကို ပျံ့နှံ့ထုံမွှမ်းစေတတ်သော ခံစားမှု (သုခဝေဒနာ)မျိုးလည်း ဖြစ်ပေါ်လာတတ်ခြင်း၊
၇။ ဉာဏ= ရှုမှတ်နေတဲ့ တရားခွင်မှာလည်း အမြင်ရှင်းသော ၀ိပဿနာဉာဏ်လည်း ဖြစ်ပေါ်လာတတ်ခြင်း၊ (ဆိုလိုတာက= ရှုမှတ်လိုက်တိုင်း ရုပ်တရား+နာမ်တရားတို့ အဖြစ်/အပျက်တွေကို မိမိဉာဏ်စဉ်မှာ ထင်ရှားစွာ မြင်နေရတယ်လို့ ဆိုလိုတာပါ။)
၈။ ဥပဋ္ဌာနာ= ခိုင်မာတဲ့ တောင်ကြီးပမာ မိမိရှုမှတ်နေတဲ့ ကမ္မဋ္ဌာန်းအာရုံ၌ လွန်စွာတည်တံ့သော သတိလည်း ဖြစ်ပေါ်လာတတ်ခြင်း၊
၉။ ဥပေက္ခာ= ထိုသို့ရှုမှတ်နေစဉ် ရုပ်တရား+နာမ်တရား ဖြစ်အစဉ်/ ပျက်အစဉ်တို့က အလွန်ထင်ရှားနေရကား ထိုအဖြစ်/အပျက်တွေကို ရှုမှတ်ဖို့ရန် ကြောင့်ကြမှု/တွေဝေမှုစတဲ့ (ဗျာပါရ) မများတော့ဘဲ အသင့်အားဖြင့် ရှုမှတ်နိုင်သော ၀ိပဿနာနှင့် ယှဉ်သော လျစ်လျှူရှုမှု ဥပေက္ခာလည်း လွန်ကဲစွာ ဖြစ်လာခြင်း၊
၁၀။ နိကန္တိ= အထက်ဖော်ပြပါအတိုင်း မိမိခန္ဓာကိုယ်က ကိုယ်ရောင်ကိုယ်ဝါစသည့် ခံစားမှုမျိုးတွေ ဖြစ်လာသဖြင့် ရှုမှတ်နေတဲ့ ၀ိပဿနာတရားအပေါ်မှာ သာယာနှစ်သက်သော တပ်မက်မှု (တဏှာ) နိကန္တိလည်း ဖြစ်ပေါ်လာတတ်ပါတယ်။
ဤတရားမျိုး ဖြစ်လာတဲ့အခါ တရားရှုမှတ်နေတဲ့ ယောဂီသည် တဏှာမှန်းပင် မသိပဲ၊ မိမိကိုယ်ကို “ငါဟာ ၀ိပဿနာမှာ မွေ့လျှော်နေတာပဲ” စသည့် (၀ိပဿနာ)အပေါ်မှာ တပ်မက်မှုမျိုး ဖြစ်ခြင်းပါ။
ဤကဲ့သို့ ခံစားမှုမျိုးစသည် ဖြစ်လာတဲ့အခါ မိမိတို့က အရင်က မဖြစ်ဘူးတဲ့အတွက် မိမိကိုယ်ကို အထင်ကြီး စိတ်ကြီးဝင်ကာ “ငါ့မှာ အရင်က ဤကဲ့သို့သော ကိုယ်ရောင် ကိုယ်ဝါမျိုး၊ ပီတိမျိုး၊ သုခမျိုးစသည် မဖြစ်ဘူး ဘူး၊ ယခုကဲ့သို့ ခံစားမှုမျိုးကား မဂ်စိတ်/ ဖိုလ်စိတ်ပင် ဖြစ်မှာပဲ၊ ငါမဂ်/ ဖိုလ်ရပြီ”ဟု မှတ်ထင်ကာ ၀ိဿနာလမ်းလွဲတတ်ပါတယ်။ စိတ်ကြီး ၀င်ကာ စိတ်မနှံ့တဲ့သူ ဘ၀မျိုး ရောက်တတ်ပါတယ်။ (ဤကဲ့သို့သော အဖြစ်မျိုး လပြည့်ဝန်းလေး ကြားဘူးသလို့၊ မြန်မာပြည် ဓမ္မရံသီမဂ္ဂဇင်းမှာလည်း ဖတ်ဘူးပါတယ်။)

တကယ်က ဤကဲ့သို့သော ၀ိပဿနာဉာဏ်စဉ်ရဲ့ အနှောင့်အယှက်များ ၀င်လာတဲ့အခါ ယင်းတရားများကိုလည်း အရှုခံအနေနှင့် ထားကာ ဆက်လက်ရှုပွားရမှာ ဖြစ်ပါတယ်။ အထက်ပါ တရား (၁၀)ပါးသည်လည်း အရှုခံတရားများသာ ဖြစ်ပါတယ်။ ၀ိပဿနာဉာဏ်စဉ်ဆုံးအောင် ဆက်လက်ရှုပွားရမှာလို့ ဆိုလိုတာ ဖြစ်ပါတယ်။ ၀ိပဿနာဉာဏ်စဉ်သည် (၁၀)ပါး ရှိပါတယ်။ ဤကဲ့သို့ မိမိရှုပွားနေတဲ့ ၀ိပဿနာလမ်းကြောင်းမှာ အနှောင့်အယှက်များ ထင်လာတတ်တဲ့ ဉာဏ်အဆင့်ကတော့ နံပါတ် (၂)ဖြစ်တဲ့ (ဥဒယဗ္ဗယဉာဏ်=ရုပ်+နာမ်တို့အပေါ် အဖြစ်+အပျက်အနေအားဖြင့် ထင်ရှားစွာသိလာတဲ့) ဉာဏ်စဉ်အဆင့်မှာ ဖြစ်လာတတ်ပါတယ်။
((၀ိပဿနာဉာဏ်စဉ်-၁၀-ပါး ဆက်လက်ရေးသား ပါမည်။))

တကယ်တော့ ဗုဒ္ဓတရားတော်ကို ရှုမှတ်လို့ အထက်မှာ ပြောခဲ့တဲ့အတိုင်း ရူးသွပ်မှုမျိုး မဖြစ်စေ သလို၊ မိုက်မဲမှုမျိုးကိုလည်း မဖြစ်စေပါဘူး။ ဗုဒ္ဓတရားတော်က ယင်းကဲ့သို့သော စိတ်သဘာဝလွန်များကို ပျောက်ကင်းစေနိုင်ပါတယ်။
ဗုဒ္ဓဟောခဲ့တဲ့ တရားတော်တွေထဲက အဂုင်္လိမာလလို (လူဆိုးဘ၀မျိုး)၊ မိဘ+လင်+သားသမီး သေဆုံးလို့ ရူးသွပ်သွားတဲ့ ပဋာစာရီလို (အမျိုးသမီးဘ၀မျိုး)စတဲ့ ထင်ရှားတဲ့ သာဓကများကို လေ့လာခြင်းဖြင့် သိသာနိုင်ပါတယ်။
ဝိပဿနာရှုမှတ်ရင်း လမ်းစဉ်အတိုင်း ဉာဏ်စဉ်များ ဖြောင့်တန်းစွာ အားထုတ် ရှုမှတ်နိုင်ကြပါစေ...
ဤစာတမ်းသည်လည်း အဘိဓမ္မာရဲ့ အခန်းဆက်ပင် ဖြစ်ပါတယ်။ အဘိဓမ္မာအပိုင်း (၉) ကမ္မဋ္ဌာန်းပိုင်းကို ကိုးကားပြီး ရေးသားထားခြင်း ဖြစ်ပါတယ်။

ဆက်ဖတ်ရန် ကျန်ပါသေးတယ်.....

0 comments May 18, 2010

အဘိဓမ္မာ အဆက် စိတ် ဖြစ်စဉ်

လပြည့်ဝန်းလေး အဘိဓမ္မာအကြောင်း ပြောပြစဉ်က... သိသင့်တဲ့ အဘိဓမ္မာအခြေခံအကြောင်း ပြောပြီးက စိတ်ဖြစ်စဉ်အကြောင်းကို ပြောပြမည်ဟု စကားခံ ရှိခဲ့ပါတယ်။ ယခု ယင်းစကားခံ ရှိခဲ့သည့်အတိုင်း မိမိတို့တစ်တွေ သန္တာန်မှာ စိတ်အစဉ်လေး ဖြစ်နေပုံကို ဗုဒ္ဓအဘိဓမ္မာမှာ ပြဆိုထားသည့်အတိုင်း ပြောပြပါမယ်။

မိမိတို့တစ်တွေ သန္တာန်မှာ စိတ်ဖြစ်စရာ ဌာနက အများသိနေကြတဲ့အတိုင်း ဒွါရ (၆)ပါး (သို့မဟုတ်) ဒွါရ (၆)ပေါက်က စတာပါ။ မိမိတို့တတွေသန္တာန်မှာ ကုသိုလ်စိတ်၊ အကုသိုလက်စိတ်များ ဖြစ်ကြတယ်ဆိုတာ အဲဒီ တံခါး (၆)ပေါက်ကို အခြေခံပြီးပဲ ဖြစ်ပါတယ်။ ဒွါရ {တံခါး}(၆)ပေါက်ဆိုတာ လပြည့်ဝန်းလေး ပြောပြတဲ့ အဘိဓမ္မာအခြေခံအကြောင်းကို ဖတ်ပြီးထားရင် သိမယ်ထင်ပါတယ်။

ဒွါရဆိုတာ ပါဠိလို၊ မြန်မာလိုက စိတ်ဖြစ်စရာ အာရုံများ ၀င်ရောက်ရာ “တံခါး”ဖြစ်ပါတယ်။ မိမိအိမ်မှာ တံခါပေါက် ဖွင့်ထားရင် ကောင်း/မကောင်း/ ဆွေမျိုး တော်/ မတော် လူစသည်များ ၀င်ရသလို အောက်ဖော်ပြပါ မိမိခန္ဓာကိုယ်က ၀င်ပေါက်တံများကို အစောင့်မထားကလည်း မိမိသည်မှာ ကောင်း/ မကောင်း စိတ်ဖြစ်စဉ်များ အားလုံး ၀င်လာမှာဖြစ်ပါတယ်။
မိမိတို့ ခန္ဓာကိုယ်ရဲ့ ဒွါရ (၆)ပါး (တံခါး -၆-ပေါက်)ဆိုတာ==
၁။ စက္ခုဒွါရ=မျက်စေ့တံခါး
၂။ သောတဒွါရ= နားတံခါး
၃။ ဃာနဒွါရ= နှာခေါင်းတံခါး
၎။ ဇိဝှါဒွါရ= လျှာတံခါး
၅။ ကာယဒွါရ= အထက်ပါ (၄)ပါးက အလွတ်ဖြစ်တဲ့ ကိုယ်တံခါး
၆။ မနောဒွါရ= ကြံစီမှုတံခါးတို့ပဲ ဖြစ်ပါတယ်။

မိမိတို့တစ်တွေ ဒေါသပေါက်ကွဲကြတယ်၊ လောဘဖြစ်ကြတယ်၊ မနာလိုမှု၊ ၀န်တိုမှုစသည် ဖြစ်ကြတယ်ဆိုတာ အထက်ပါ တံခါးပေါက် (၆)ပေါက် တပေါက်ပေါက်ကနေ ၀င်ရောက်လာတာကို မထိမ်းနိုင်၊ မစစ်ဆေးနိုင်လို့ ဖြစ်ကြတာပါ။ ဒါဆို အဲဒီ တံခါ (၆)ပေါက်ကနေ မကောင်းတဲ့အရာများ ၀င်မလာအောင် အိမ်တံခါးများ ပိတ်သလို မျက်စေ့ပိတ်ထား၊ နားပိတ်ထားလို့ ရလားဆိုတော့ အဲဒီသဘောနဲ့ ပိတ်ထားလို့တော့ မကောင်းတဲ့ စိတ်ဆိုး၊ စိတ်ရိုင်းများကို တားဆီး ပိတ်ပင်လို့ မရပါဘူး။ သတိ၊ ပညာ၊ ၀ီရိယစသည် ဦးစီးတဲ့ တံခါးစောင့်များနဲ့ ပိတ်မှသာ ရပါတယ်။ မွေးကတည်း မျက်စေ့ကန်းသူအတွက် မျက်စေ့ချို့ယွင်းနေတဲ့အတွက် မြင်စိတ် မဖြစ်နိုင်ဘူးဆိုတာတော့ ချို့ယွင်းချက်အနေနဲ့ မှတ်သားပါ။ ကြီးလာမှ မျက်စေ့ကန်းသူများအတွက်ကတော့ မိမိမြင်ခဲ့ဘူးတဲ့ မြင်စိတ်များကို အာရုံပြုကာ ကောင်း/ မကောင်း ကြံစီစိတ်များ ဖြစ်နိုင်ပါတယ်။
ယင်း မကောင်းတဲ့အရာများ၊ စိတ်ယုတ်များ ပိတ်ဖို့က လာရာလမ်းကို သိထားရင် ပိုပြီး ပိတ်လို့ လွယ်ပါတယ်။ တရားကို ဆရာကောင်းထံမှာ ကျကျနန အားထုတ်ဘူးသူများ ဒီသဘောကို ပိုသိလိမ့်မယ် ထင်ပါတယ်။ မြင်ရင် မြင်ကာမျှပဲ ရပ်၊ ကြားရင် ကြားကာမျှပဲ ရပ်စသည်လိုမျိုး။ ဒါဟာ အခုပြောပြတဲ့ မျက်စေ့တံခါး စိတ်အစဉ်ကနေ ရှေ့ဆက်ပြီး လောဘစိတ်၊ ဒေါသစိတ်စသည် မဖြစ်အောင် ရှုမှတ်တဲ့ သဘောပါပဲ။
ဒါကြောင့် ယခု ပြောပြပေးမည့် စိတ်ဖြစ်စဉ် (ပါဠိလို=၀ီထိ) အကြောင်းကို အဘိဓမ္မာကျမ်းစာ လာသည့်အတိုင်း ပြောပြပေးပါမယ်။
ပထမဆုံး မျက်စေ့တံခါးကို အခြေခံပြီး စိတ်အစဉ် (၀ီထိ) ဖြစ်ပုံကို ပြောပြပါမယ်။
စိတ်ဖြစ်စဉ်ဇယားလေးက ဒီလိုလေး အလွယ်နည်း မှတ်လိုက်ပါ။


ဘ၀င်၊ {အတီတဘ၀င်၊ ဘ၀င်္ဂစလန၊ ဘ၀င်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ၀ုဋ္ဌော၊ ဇော၊ ဇော၊ ဇော၊ ဇော၊ ဇော၊ ဇော၊ ဇော၊ တဒါရုံ၊ တဒါရုံ၊} ဘ၀င်။


အထက်ပါ စိတ်ဖြစ်စဉ် တပါးချင်းရဲ့ သဘောက......
၁။ ဘ၀င်ဆိုတာ= မသိစိတ်ပါ။ (မိမိတို့ တစ်တွေ အိပ်မောကျနေတယ်ဆို ဒီဘ၀င်=မသိစိတ်တွေပဲ ဖြစ်နေတဲ့ အချိန်ပါ။)
၂။ အတီတဘ၀င်ဆိုတာ= ပြီးခဲ့တဲ့ အကြောင်းအရာကို သေချာစွာ မသိတဲ့ စိတ်ပါ။
၃။ ဘ၀င်္ဂစလနဆိုတာ= စိတ်တခု ဖြစ်လာဖို့ မသိစိတ်ကို လှုပ်နှိုးတဲ့ သဘောပါ။
၎။ ဘ၀င်္ဂုပစ္ဆေဒဆိုတာ= ယင်းမသိစိတ်ကို ဖြတ်ကျော်ခြင်း သဘောပါ။
၅။ ပဉ္စဒွါရာဝဇ္ဇန်းဆိုတာ= မြင်စိတ်ဖြစ်ဖို့ လက်ခံရန် သိစေသည့် သဘောပါ။
၆။ စက္ခုဝိညာဏ်=မြင်စိတ် သဘော (ဒီအဆင့်မှာ မြင်တဲ့ သဘောမျှသာ၊ ဘယ်ရယ် မဆုံးဖြတ်နိုင်သေပါဘူး)
၇။ သမ္ပဋိစ္ဆိုင်း= မြင်တဲ့ စိတ်သဘောကို ခံယူမှု သဘော
၈။ သန္တီရဏ= ယင်းမြင်စိတ်သဘောကို စုံစမ်းတဲ့ သဘော
၉။ ၀ုဋ္ဌော= ယင်း မြင်စိတ်သဘောကို ဆုံဖြတ်မှု
၁၀။ ဇော= (ပါဠိမူရင်း=ဇ၀န) ယင်းမြင်စိတ်အစဉ်အဟုန်ဖြင့် လှုပ်ရှားမှု သဘော
(ဒီနေရာမှာ “ဇော”ဆိုတာ မိမိမျက်စေ့ကနေ ၀င်လာတဲ့ စိတ်အစဉ်သည် အကုသိုလ်ဖြစ်က အကုသိုလ်ဇော (အဟုန်) ဖြစ်မယ်။ ကုသိုလ်ဖြစ်က ကုသိုလ်ဇော (အဟုန်) ဖြစ်မည်။ ဇောစိတ်အစဉ်သည် ပုံမှန် အနေအားဖြင့် -၇-ကြိမ်ဖြစ်ပါတယ်။)
၁၁။ ယင်းဇောစိတ်အစဉ် ဖြစ်ပြီးမှ “တဒါရုံလို့ ခေါ်တဲ့ စိတ်တရားသူကြီးက ဒါဟာ ဒေါသစိတ်၊ လောဘစိတ်စသည် ဖြစ်တာပဲဆိုတာကို မှတ်တမ်းတင်တဲ့ သဘော။ ဒါက မြင်ရာကနေ ကုသိုလ်စိတ်/ အကုသိုလ်စိတ် ဖြစ်တဲ့ မြင်စိတ် (စက္ခုဝိညာဏ၀ီထိ)ဖြစ်စဉ်ပါ။ ကျန်တဲ့ ကြားစိတ် (သောတ၀ိညာဏ်)စသည်ကိုလည်း အလားတူ မှတ်သားပါ။
ယခုဖြစ်စဉ်မှာ အတီတဘ၀င်ကနေ စပြီး နောက်ဆုံး တဒါရုံအထိ ရေတွက်ကြည့်ပါ။ မြင်စိတ် ဖြစ်စဉ် (၁၇)ချက် တွေ့ပါမယ်။ စိတ်တပါး ဖြစ်ဖို့ ယင်းကဲ့ စိတ်အစဉ် (၁၇)ချက် ကြာပါတယ်။

စိတ်ဖြစ်စဉ်ကို ထင်ရှားတဲ့ ဥပမာလေး တခုနဲ့ ပြောပြပါမယ်။ အဘိဓမ္မာရဲ့ အဖွင့်ကျမ်းတစ်စောင်ဖြစ်တဲ့ အဌသာလိနီကျမ်းအဋ္ဌကထာမှာ လာတဲ့ ဥပမာပါ။ ကျမ်းဆရာကြီး ပြောပြထားတာက အလွန်ရှင်းပါတယ်။ သူပြောပြထားတာက “သရက်သီး သီးနေတဲ့ သရက်ပင်အောက်မှာ အိပ်ပျော်နေတဲ့ လူတစ်ယောက်ပမာနဲ့ ပြောပြထားပါတယ်။
သူနှိုင်းယှဉ်ပြထားတာက.....
၁။ သတ္တ၀ါတိုင်း၌ မြင်စိတ်၊ ကြားစိတ် စသည့် စိတ်အစဉ် တခုခု (၀ီထိ) မဖြစ်ခင်မှာ ရှေးဦးစွာ မသိစိတ် (ဘ၀င်စိတ်) ဖြစ်နေခြင်းသည် လူတစ်ယောက်၏ သရက်ပင်အောက်၌ အိပ်ပျော်နေခြင်းနှင့် အလားတူ၏။
၂။ မြင်စိတ်စသည့် စိတ်အစဉ် (၀ီထိအစဉ်) ဖြစ်လာနိုင်ရန် မြက်စိအကြည်ရုပ် (စက္ခုပသာဒရုပ်)၌ အဖြူ၊ အနီ၊ အ၀ါစတဲ့ အဆင်းအာရုံ၏ ထိခိုက်ခြင်းသည် သရက်ပင်အောက်၌ အိပ်နေတဲ့လူ အနီးနားဝယ် သရက်သီးကြွေကျပုံနှင့် အလားတူပါတယ်။
၃။ မသိစိတ် (ဘ၀င်) အစဉ်ကို ဖြတ်၍ မြင်စိတ်ဖြစ်ဖို့ အသိပေးတဲ့ သဘော (အာဝဇ္ဇန်း) ဖြစ်လာခြင်းသည် သရက်ပင်အောက် အိပ်နေသူ အနီးအပါးဝယ် သရက်သီးကြွေကျသံကြောင့် နိုးလာသည်နှင့် အလားတူ၏။
၎။ မြင်စိတ်ဖြစ်ပြီး အဖြူ၊ အနီစသည့် (ရူပါရုံ)ကို မြင်ခြင်းသည် ခေါင်းမြီးခြုံကို ဖွင့်၍ ကြည့်ခြင်းနှင့် အလားတူ၏။
၅။ ယင်းစိတ်သဘောကို သမ္ပဋိစ္ဆိုင်း (ခံယူ) သကဲ့သို့ ဖြစ်ခြင်းသည် ထိုလူ၏ သရက်သီးကို လှမ်း၍ ယူငင်းခြင်းနှင့် အလားတူ၏။
၆။ ယင်း ခံယူပြီးတဲ့ စိတ်သဘောကို သန္တီရဏ (စုံစမ်းခြင်း)သဘောဖြင့် ကောင်း/ မကောင်း စုံစမ်းခြင်း သဘောသည် ထိုလူ၏ သရက်သီးကို အကောင်းလား/ အပုတ်လား၊ အစိမ်းလား/ အမှည့်လားစသည်ဖြင့် စမ်းကြည့်ခြင်းနှင့် အလားတူ၏။
၇။ ၀ုဋ္ဌော (ဆုံးဖြတ်ချက်) စိတ်ဖြင့် မိမိမြင်တဲ့ သဘောကို ဒါက ကောင်းတဲ့ သဘောကုသိုလ်ပဲ၊ ဒါက မကောင်းတဲ့ သဘော အကုသိုလ်ပဲဟု ဆုံးဖြတ်ခြင်းသည် ထိုလူ၏ သရက်သီးကို နှိပ်ကိုင်၊ နမ်းရှူကြည့်၍ သရက်သီးမှည့်မှန်း၊ စားဖြစ်မှန်း သိတာနှင့် အလားတူ၏။
၈။ ဇောအဟုန်ဖြင့် မိမိမြင်တဲ့ အဆင်းအာရုံအရသာကို ခံစားခြင်းသည် ထိုလူသား၏ သရက်သီးမှည့်နေ၍ အရသာခံကာ စားနေသည့် ပမာနှင့် အလားတူ၏။
၉။ ထို့နောက် တဒါရုံ (ဆုံးဖြတ်ချက်) သဘော၏ ဇောစိတ်အစဉ်၏ အာရုံကို ဆက်လက်တာဝန်ယူလျှက် ကုသိုလ်ဆို ကုသိုလ်အလိုက်၊ အကုသိုလ်ဆို အကုသိုလ်အလိုက် ဆက်လက် ဖြစ်ကာ လက်ခံလိုက်ခြင်းသည် သရက်သီးကို ၀ါမျိုးချလိုက်ပြီး အရသာ ခံနေခြင်းနှင့် အလားတူ၏။
၁၀။ ထို့နောက် စိတ်အသစ် တစ်ပါး မဖြစ် မချင်း မသိစိတ်များ (ဘ၀င်စိတ်များ) ဆက်လက်ပြီး ဖြစ်ပါတယ်။ အဲဒီလို ဖြစ်နေတဲ့ သဘောကတော့ သရက်သီးစားပြီး ပြန်ပြီး ခေါင်းမြီးခြုံကာ အိပ်တဲ့ လူရဲ့ ဥပမာနှင့် အလားတူပါတယ်။


(အမှာ--- အတီတဘ၀င်တကြိမ်က နံပါတ်တစ် ဘ၀င်အစဉ်နှင့် အလားတူသဖြင့် ဥပမာပေးပြောတဲ့အခါ ချန်ထားခဲ့ပါတယ်။)
ဒါက မြင်စိတ်ဖြစ်တဲ့ စိတ်ဖြစ်စဉ်ပါ။ တခြား ကြားတဲ့၊ နံတဲ့ စိတ်ဖြစ်စဉ် စသည်လည်း အတူတူပါပဲ။ မိမိတို့တစ်တွေ မြင်စိတ် (မျက်စေ့တံခါး)ကနေ၊ ကြားစိတ် (နားတံခါး)ကနေ၊ နံစိတ် (နှာခေါင်းတံခါး)ကနေ၊ အရသာစိတ် (လျှာတံခါး)ကနေ၊ တွေ့ထိမှု (ကိုယ်တံခါး)ကနေ၊ ကြံစီမှု (စိတ်တံခါး)ကနေ အကုသိုလ်မဖြစ်အောင် (ဒါမှမဟုတ်) အကုသိုလ်ဖြစ်မည့် စိတ်အစဉ်ပေါ်လာတိုင်း အကုသိုလ် မဖြစ်အောင်၊ ကုသိုလ်စိတ်အစဉ်ဖြစ်အောင် ဘယ်နေရာကနေ စောင့်ဖမ်း၊ စောင့်ဖျက်ရမလဲဆိုတော့... ဇောအစဉ်ဖြစ်နေတဲ့ အခါကနေ စပြီး စောင့်ဖမ်း၊ စောင့်ဖျက်၊ စောင့်ပြီး ရှုမှတ်ရပါမယ်။ ဇောစိတ်အစဉ် ရောက်လို့မှ မိမိက မဖြတ်နိုင်ဘူး၊ မဖမ်းနိုင်ဘူး၊ ပြတ်သွားအောင် မရှုမှတ်နိုင်ဘူးဆိုရင် ဇောစိတ်အစဉ်ဆုံးတာနဲ့တပြိုင်နက် တဒါရုံက အကုသိုလ်ဆို အကုသိုလ်၊ ကုသိုလ်ဆို ကုသိုလ်ဆိုပြီး (Register) မှတ်ပုံတင်သွားလို့ မိမိစိတ်အစဉ် တခု ပြီးသွားပါပြီ။
လူတစ်ယောက် မှတ်ပုံတင် စာရင်းသွင်းတာနဲ့လည်း စဉ်းစားကြည့်မယ်ဆိုရင် စိတ်ဖြစ်စဉ်က အလားတူပါတယ်။ ဒါက စာသဘောပြောနေလို့ပါ၊
မိမိတို့တတွေရဲ့ စိတ်ဖြစ်စဉ်က ဒီထက် အဆပေါင်းများစွာ မြန်ပါတယ်။ မျက်စေ့တမှိတ်အတွင်းမှာ စိတ်ပေါင်း ကုဋေချီပြီး ဖြစ်တယ်ဆိုတဲ့ စိတ်ဖြစ်စဉ် သဘော မိမိတို့ ကြားဘူးမှာပါ။
ကိုင်း ဒါက လပြည့်ဝန်းလေး ပြောပြမယ်လို့ ၀န်ခံခဲ့တဲ့ စိတ်ဖြစ်စဉ် အကြောင်းပဲ ဖြစ်ပါတယ်။ စိတ်ဖြစ်စဉ်ကို စောင့်သိပြီး... စိတ်ကောင်းတရားများ ထွန်းကားနိုင်ကြပါစေ....

ဆက်ဖတ်ရန် ကျန်ပါသေးတယ်.....

0 comments May 9, 2010