အဘိဓမ္မာ အပိုင်း ၂၊ အခန်း ၁၆၊ (လောကစောင့်တရား)
ယနေ့ ပြောပြရမည့် အဘိဓမ္မာတရားက... အရင်နေ့က... စကားစပ်အနေအာဖြင့် ပြောခဲ့တဲ့ “ဟိရီ+သြတ္တပ္ပ” ဟူသော... လောကပါလ=လောကလူသားတွေရဲ့ ဘ၀ကို လူသားနှင့် တိရစ္ဆာန်ဘ၀ကို ခွဲခြားလျှက် သာယာလှပအောင် စောင့်ရှောက်တတ်တဲ့ (အရှက်+အကြောက်)တရား -၂-ပါးပဲ ဖြစ်ပါတယ်။ ဒီအကြောင်း အကုသိုလ်စေတသိက်အုပ်စု ပြောပြခဲ့စဉ်ကလည်း အနည်းငယ် ပြောပြခဲ့ဘူးပါတယ်။ အဲဒီတုန်းက ဒီတရား -၂-ပါးရဲ့ ဆန့်ကျင်ဘက် “အဟိရိက+အနောတ္တပ္ပ=အရှက်+အကြောက်မရှိ”ဟူသော လူ့လောကအလှကို ဖျက်ဆီးတတ်တဲ့ တရား -၂-ပါးပါ။ ယင်း တရား-၂-ပါးတို့သည် လောကအလှကို/ တချို့သောအရာများမှာ လူနှင့် တိရစ္ဆာန် အသွင်တူသွားအောင်၊ လူ့သန္တာန်မှာ တိရစ္ဆာန်စိတ် ပေါက်သွားအောင် လုပ်တတ်တဲ့ တရားများပါ။
ယနေ့တရား-၂-ပါးက လောကကို အလှဆင်သည့် တရားများ ဖြစ်ပါတယ်။ မိမိတို့တစ်တွေ ပြောဆိုသုံးနှုန်းနေကြတဲ့ “လောကပါတရား”ဆိုတာ ယနေ့ပြောပြတဲ့ ဒီ“ဟိရီ+သြတ္တပ္ပ”တရား -၂-ပါးပဲ ဖြစ်ပါတယ်။
ဟိရီတရားသည် မကောင်းမှုပြုရမှာ၊ ပြောရမှာ၊ ကြံစီရမှာ ရှက်တဲ့စိတ်အမူအရာသည် ဟိရီတရား၏ သဘောတရားပင်ဖြစ်ပါတယ်။
သြတ္တပ္ပတရား၏သဘောက... မကောင်းမှု ပြုရမှာ၊ ပြောရမှာ၊ ကြံစီရမှာ ကြောက်လန့်ခြင်း သဘောဖြစ်ပါတယ်။
ဒီတရား -၂-ပါးကို ထင်ရှားအောင် ပြောပြရလျှင်... ယနေ့ ၀တ်စားဆင်ယင်မှုများ၊ လူပုံအလယ် ပေါ်ပေါ်တင်တင် လောင်းကစားမှုများ၊ သောက်စားမှုများစသည်များသည် မိမိအလှ၊ မိသားစုအလှ၊ ရပ်ကွက်အလှ၊ မြို့အလှ၊ တိုင်းပြည်အလှ၊ ကမ္ဘာလောကအလှကို တဖြည်းဖြည်းချင်း ဖျက်ဆီးသွားတယ်ဆိုတာ မိမိတို့ သိပြီးသားဖြစ်မယ်ထင်ပါတယ်။ အရှက်+အကြောက်မရှိတော့ အ၀တ်အစားမှာလည်း ကိုယိုကားယား၊ မလုံမခြုံဖြစ်လာ.... အကျိုးဆက်က တဖြည်းဖြည်း တိရစ္ဆာန်နှင့် မခြားအတူ အလားတူဖြစ်လာမယ်။ အမျိုးသမီးများအဖို့ ထိုကဲ့သို့ ၀တ်စားဆင်ယင်လျှင် ကိုယ့်အန္တရာယ်ကို ကိုယ်ကိုယ်တိုင် ဖန်တီးပြီး အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်လာပါမယ်။
လူတွင်မကပါဘူး... ရဟန်းတော်များလည်း အတူတူပါပဲ။ မြို့တွင်း ရွာတွင်းသို့ ကြွလျှင် ဘုရားရှင်က သင်္ကန်းရုံကြွရမည်ဟု မိန့်မှာ ခဲ့ပါလျှက်... သင်္ကန်းရုံသွားလျှင် တခြား သင်္ကန်းမရုံတဲ့ ရဟန်းတော်များက ကဲ့ရဲ့မှာစိုးလို့ သင်္ကန်းမရုံတော့ခြင်းများ ဖြစ်လာပါတယ်။ အကျိုးဆက်က မိမိကိုယ်ကို ယုံကြည်မှုနည်းလာမယ်၊ တပါးသူလည်း ယုံကြည်မှု နည်းလာမယ်၊ အသေးအငယ်ကျင့်ဝတ်ကို ဖျက်တာကနေ စပြီး ကြီးမားတဲ့ ကျင့်ဝတ်တွေကို ဖျက်ရဲတဲ့ သတ္တိရှိလာမယ်။ တဖြည်းဖြည်း လူတို့ ၀တ်စားပုံနှင့် တူလာမယ်။ ဥပမာ - မဟာယာနရဟန်းတော်များ ၀တ်စားဆင်ယင်ပုံမျိုးပါ။ ဒါက ဘုရားသားတော် ရဟန်းတော်များနှင့်ပတ်သက်လို့... ဟိရီ+သြတ္တပ္ပ ကင်းလာပုံ အရိတ်အမြွတ်ပါ။
နောက် လောင်းကစားရမှာကို မရှက်+မကြောက်တော့ လောင်းကစားမှုကို လုပ်လာ၊ သောက်စားမူးရစ်ရတာကို အကောင်းထင်လာ၊ မသောက်မစားရင် လူရာမ၀င်ဘူးလို့ ထင်လာပြီး... မကောင်းတာကို အကုန်လုပ်လာတယ်။ အကျိုးဆက်က... မိမိဘ၀ အရင် ပျက်စီးတယ်၊ ဒုတိယ မိသားစုဘ၀...နောက် ပတ်ဝန်းကျင် ဒီလိုနဲ့ တစတစကြီးထွားလာကာ တစ်ကမ္ဘာလုံး ပျံ့နှံ့သွားတာပါ။ စဉ်းစားကြည့်လိုက်ပါ..... ပါဏာတိပါတစတဲ့ ငါးပါးသီလထဲက.. သုရာမေရယ-တစ်ပါးကို ကျူးလွန်တဲ့ လူတစ်ယောက်ကို ကြည့်လိုက်ပါ။... အဲဒီလူ မလုပ်ရဲ့တာ မရှိသလောက်ပါပဲ၊ လမ်းလယ်ခေါင်မှာလည်း အိပ်ရဲတယ်။ သတ်ရဲမယ်၊ ခိုးရဲမယ်၊ သူတစ်ပါးအိမ်ယာ ကျူးလွန်ရဲမယ်၊ မဟုတ်မမှန်တဲ့ စကားအကုန်ထွက်ရဲ ပြောရဲမယ်။ ဒီအကျိုးများ ဖြစ်ဖို့ မြစ်ဖျားခံခဲ့တာသည် “သုရာမေရယ=မူးယစ်သေစာ သောက်စား”ရမှာကို “မရှက်+မကြောက်”တာက စတာပါ။
နောက် လောကဥပမာ တစ်ခုလောက် စဉ်းစားကြည့်ရအောင်...... ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခုနဲ့ စဉ်းစားကြည့်လိုက်ပါ....။ အေအိုင်ဒီအက်စ်လို ရောဂါမျိုးသည်... မကောင်းတာလုပ်ရမှာကို မရှက်+မကြောက်တဲ့ လူ့စိတ်ကနေ စခဲ့တာပါ။ အကျိုးဆက်က ထိုအမှုလုပ်သူကိုယ်တိုင် ရောဂါခံစားရ၊ နောက်မိသားစု နောက်ပတ်ဝန်းကျင်... ဒီလိုနဲ့ ကမ္ဘာလောကကြီးကို ခြိမ်းချောက်တဲ့၊ လူသားတွေရဲ့ အသက်ကို ဖျက်ဆီးတတ်တဲ့ ရောဂါကြီး အဖြစ်သို့ ရောက်လာခဲ့တာပါ။
ဒီရောဂါကြီး ဘယ်ကစသလဲဆိုတော့... မိမိတို့လေ့လာနေတဲ့ အဘိဓမ္မာသဘောတရားအရ... “ဟိရီ+သြတ္တပ္ပ=အရှက်+အကြောက်” ဟူသော လောကပါလတရား -၂-ပါး မရှိတဲ့ လူ့စိတ်ကပဲ ဖြစ်ခဲ့တာပါ။
ဒီ “ဟိရီ+သြတ္တပ္ပ”နှင့်ပတ်သက်၍ လောကလူသားတို့ မှားယွင်းစွာ ထင်မှတ်နေကြတဲ့ “ဟိရီ+သြတ္တပ္ပ”ကိုလည်း တင်ပြပေးပါအုန်းမယ်။ စာပေမှာတော့ “ဟိရီ+သြတ္တပ္ပ”အတုလို့ သုံးပါတယ်။ အစစ်ရှိရင် အတုရှိတယ်ဆိုတာကတော့ လောကဓမ္မတာပါပဲ။ ဒီနေရာမှာ “မရှက်သင့်တာ ရှက်တာ၊ မကြောက်သင့်တာကို ကြောက်တာမျိုးကိုတော့ ဟိရီ+သြတ္တပ္ပ”လို့ မခေါ်ပါဘူး။ ဘယ်လိုသဘောမျိုးလည်းဆိုတော့... မကောင်းမှု ဒုစရိုတ် မဟုတ်ပါဘဲ... ဘုရားသွားရမှာ၊ ဥပုသ်စောင့်ရမှာ၊ တရားနာရမှာစသည့် ကုသိုလ်ကောင်းမှုနှင့်စပ်၍ ရှက်စနိုး ကြောက်ရွံ့ တွန့်ဆုတ် ဖြစ်တတ်သော အမှုအရာများကို “ဟိရီ+သြတ္တပ္ပ”လို့ မခေါ်ပါဘူး။ “ပရိယာယ်၊ မာယာ”ပင် ဖြစ်ပါတယ်။
လူငယ်အများ ဒီသဘောတရား ဖြစ်လေ့ရှိပါတယ်။ ငယ်သေးလို့ ဘုရားရှိမခိုးချင်တာ၊ နောက် ကိုယ့်သူငယ်ချင်းအသိုင်းအ၀ိုင်းများက တခြားဘာသာဝင်ဖြစ်၍၊ ဒါမှဟုတ် ကိုယ်သူငယ်ချင်းများက ဘာသာတရားစိတ်မ၀င်းစားလို့ ကိုယ်ကလုပ်လိုက်ရင်... အရူးလိုအထင်ခံရမှာ ရှက်တာ+ကြောက်တာများ ဖြစ်တတ်ပါတယ်။ ဒီသဘောမျိုးက မရှက်+မကြောင့်သင့်တဲ့နေရာမှာ ရှက်တာ+ကြောက်တာမျိုး ဖြစ်၍ “ဟိရီ+သြတ္တပ္ပ”လို့ မခေါ်ပါဘူး။ အကြောင်းမရှိ အကြောင်းရှာ “မာယာ” သဘောပဲ ဖြစ်ပါတယ်။
ဒီတရား-၂-ပါးကို ချဲ့ပြောရမည်ဆိုလျှင် အများကြီးပါပဲ။ မိမိတို့ ဉာဏ်ရှိသလို ချဲ့ယူကာ... ရှက်သင့်တာ ရှက်၊ ကြောက်သင့်တာ ကြောက်မှ ဒီတရား -၂-ပါး မိမိတို့ သန္တာန်မှာ ကိန်းအောင်းလို့ မိမိဘ၀၊ မိမိ မိသားစုဘ၀စသည် သာယာငြိမ်းချမ်းမှာ ဖြစ်ပါတယ်။
အကျဉ်းချုပ်အနေအားဖြင့် ဒီ “ဟိရီ+သြတ္တပ္ပ=အရှက်+အကြောက်” တရား -၂-ပါးတို့က စောင့်ကြပ်နေသောကြောင့်သာ လူတို့သန္တာန်၌ အတော်အတန် စင်ကြယ်နေတာပါ။ တကယ်လို့ ဤတရား -၂-ပါး ကင်းမဲ့ခဲ့လျှင် မလုပ်ရဲတာ မရှိ အကုန်လုပ်လာကြကာ တိရစ္ဆာန်နှင့်မခြားဘဲ ရောရှက်ရှုပ်ထွေးကာ မကြားကောင်း မနာသာတွေ ဖြစ်လာမှာပါ။ ဒါကြောင့် ဒီတရား -၂-ပါးကို သုတ္တန်တွေမှာ “လောကပါလ=ကမ္ဘာစောင့်တရား” ဟုလည်းကောင်း၊ “သုက္ကဓမ္မ= ဖြူစင်သန့်ရှင်းကြောင်း တရား”ဟုလည်းကောင်း ဗုဒ္ဓဘုရားရှင်က အမည်တပ်ကာ ဟောခဲ့ပါတယ်။
မိမိတို့ ဉာဏ်ရှိသလောက် စဉ်းစားဆင်ချင်ကာ... မလုပ်သင့်၊ မပြောသင့်၊ မကြံစီသင့်တာများကို ရှက်+ကြောက်ကာ.. လောကပါလတရား -၂-ပါး မိမိတို့သန္တာန်မှာ အစဉ်ကိန်းအောင်းနိုင်အောင် ကျင့်ကြံနိုင်ကြပါစေလို့ တိုက်တွန်းရင်း...
ဒီနေ့ လောကပါလ တရား -၂-ပါးနှင့်ပဲ ရပ်ပါအုန်းမယ်....

0 comments: