လူမိုက်သည် သူ့နားရွက်ကိုသာ မြင်ကောင်း မြင်မယ်၊ သူ့အပြစ်ကိုတော့ မြင်မှာ မဟုတ်ဘူး။ “ဓမ္မဒူတဆရာတော်”။ Easily seen are other's faults; hard indeed it is to see one's own faults. "K.Sri Dhammananda"

အဘိဓမ္မာ အပိုင်း ၃၊ အခန်း ၂၅ (အကြည်ရုပ်တရား)

ယနေ့ တင်ပြရမည့် ရုပ်တရား အစုက ဥပါဒါရုပ် (မဟာဘုတ်)ကို မှီ၍ ဖြစ်တတ်သော ရုပ်တရား -၂၄-ပါအစုမှ ပထမဆုံး ပသာဒ (အကြည်) ရုပ် -၅-ပါးဖြစ်ပါတယ်။ အာရုံကို ထင်လာဖို့ရာသည် အကြည်ဓာတ်သဘောရှိမှ မိမိတို့ရဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်အကြည်ဟူသော ပသာဒရုပ် -၅-ပါးမှာ ထင်လာမှာ ဖြစ်ပါတယ်။ ဥပမာ- မိမိမျက်နှာက အပြစ်အနာအဆာရှိ/ မရှိ သိဖို့ရန်... ရေခွက်မှာ (သို့မဟုတ်) မှန်ထဲမှာ ကြည့်တဲ့အခါ ရေက ကြည်လင်နေမှ ကြည့်ရသလို၊ မှန်ထဲမှာ ကြည့်တဲ့အခါမှာလည်း မှန်သားပြင်က ကြည်လင်နေမှ ကြည့်ရသလိုမျိုးပါ။

ယခုမိမိတို့ ခန္ဓာကိုယ်က ပသာဒ (အကြည်ရုပ်)မှန် -၅-ချပ်ကလည်း ထိုနည်းတူစွာ... မြင်စိတ်ဖြစ်ဖို့ စက္ခုပသာဒလို့ ဆိုတဲ့ မျက်စိအိမ်တွင်းမှာ ရှိတဲ့ စက္ခုအကြည်ရုပ်လေးက ကြည်လင်၊ သန့်စင်နေမှ မျက်စိနဲ့ မြင်ရတဲ့ အရောင်အဆင်းစတဲ့ အာရုံကို ယူပြီး မြင်စိတ်ဆိုတာ ဖြစ်လာတာပါ။
ဒီတော့ စက္ခုပသာဒ=မျက်စိအကြည်ရုပ်က ဘယ်မှာတည်သလဲ၊ မျက်လုံးအိမ်တခုလုံးလား..ဆိုတဲ့ သဘောကို သိဖို့လိုလာပါတယ်။ မျက်စိအကြည်ရုပ်သည် မျက်စိအိမ်တခုလုံးကို ခေါ်တာမဟုတ်ပါဘူး၊ ယင်းမျက်စိ (မျက်နက်ဝန်း)ထဲမှာ ရှိတဲ့ “သန်းဦးခေါင်း” ပမာဏရှိတဲ့ အကြည်ရုပ်လေးကိုသာ စက္ခုပသာဒ (မျက်စိအကြည်) ရုပ်လို့ ခေါ်ပါတယ်။ ယင်း “သန်းဦးခေါင်း” ပမာဏလောက်ရှိတဲ့ မျက်စိအကြည်ရုပ်လေးရဲ့ ပတ်လည်မှာ နူးညံ့တဲ့ အကြည်ဓာတ်သဘော-၇-ထပ်က ပတ်ရံထားပါတယ်။ မျက်စေ့ကန်းတယ်ဆိုတာ ယင်း “သန်းဦးခေါင်”ပမာဏမျှ ရှိတဲ့ မျက်စိအကြည်ရုပ်လေးက အလုပ်မလုပ်တဲ့ အခါကျတော့ မျက်စေ့ကန်းတယ်လို့ ခေါ်ဆိုတာပါ။
မြင်စိတ်ဖြစ်ဖို့က စိတ်ပိုင်း “စက္ခုဝိညာဏ်စိတ်”အကြောင်း ပြောပြစဉ်က ပြောပြခဲ့ဘူးပါတယ်။ မြင်သိတဲ့ (စက္ခုဝိညာဏ်)စိတ် ဖြစ်ဖို့ အကြောင်းအထောက်အပံ့တွေက -၄-ပါးရှိပါတယ်။
၁။ စက္ခုပသာဒ (မျက်စိအကြည်) ရုပ်ကလည်း ကောင်းမွန်ရမယ်။
၂။ အရောင်အဆင်းဟူသော (ရူပါရုံ) ရုပ်တရားလည်း ရှိရမယ်။
၃။ အာလောက (အလင်းရောင်)လည်း ရှိရမယ်။ (အမှောင်ထဲမှာ မြင်စိတ် မဖြစ်နိုင်ပါဘူး။)
၎။ မနသိကာရ (ယင်းအာရုံအပေါ်မှာ စိတ်ညွတ်မှု/ နှလုံးသွင်းမှု)လည်း ရှိရမယ်။ (အာရုံတခုအပေါ်မှာ နှလုံးသွင်းမှု မရှိရင် ကိုယ့်ရှေ့ကနေ ဖြတ်သွားတဲ့ လူတောင် ဘယ်သူ/ ဘယ်ဝါမှန်း မသိလိုက်တာတွေ ရှိတယ်နော်။)
ဒါကဗုဒ္ဓအဘိဓမ္မာသဘောတရားအရ မြင်သိစိတ် တစ်ခုဖြစ်ဖို့ လိုအပ်တဲ့ အကြောင်း အင်္ဂါတွေပါ။
ဗုဒ္ဓအဘိဓမ္မာအလိုအရ မျက်စေ့အကြည် (စက္ခုပသာဒ) အကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်သူဘယ်ဝါက ကြားခံအနေနဲ့ လုပ်ပေးလို့မှ မြင်စိတ် ဖြစ်တာ မဟုတ်ပါဘူး၊ ကိုယ်တိုင်စဉ်းစားကြည့်ပါ၊ အထူးသဖြင့် တရားရှုမှတ်သူများ ဒီစာသဘောတရားများကို သိထားရင် တရားအာထုတ်ရင် စာသိ မသိထားသူများထက် ပိုမိုအဆင်ပြေပါမယ်။ အယူအစွဲ“ဒိဋ္ဌိတရား”များကိုလည်း စာသိနဲ့ ပယ်ပြီးသားလည်း ဖြစ်ပါတယ်။

နောက် ဒုတိယ ပသာဒရုပ်က “သောတပသာဒ=နားအကြည်ရုပ်”ပဲ ဖြစ်ပါတယ်။
နားအကြည်ရုပ် (သောတပသာဒ)ဆိုတာ နားတစ်ခုလုံးကို ဆိုလိုတာ မဟုတ်ပါဘူး၊ နားအတွင်းထဲမှာ ရှိတဲ့ လက်စွပ်ကွင်းလေးနဲ့ အလားတူတဲ့ အကြည်ရုပ်လေးကို ခေါ်တာပါ။ နုနယ်နီမြန်းသော အမွေးကလေးများနဲ့ ကာရံထားတာပါ။ နားအတွင်းရှိ ထိုအရပ်ကလေး၌သာ ကြားနိုင်တဲ့ နားအကြည်ရုပ် (သောတပသာဒ)က တည်နေတာပါ။

သောတပသာဒနှင့်ဆက်စပ်ပြီး... ကြားသိတဲ့ (သောတ၀ိညာဏ်)စိတ် တစ်ခု ဖြစ်ဖို့ကလည်း မြင်စိတ်လိုပဲ အကြောင်း -၄-ပါးရှိပါတယ်။
၁။ သောတပသာဒ (နားအကြည်)ရုပ်ကလည်း ကောင်းရမယ်၊
၂။ သဒ္ဒါရုံဟူသော (အသံ) ရုပ်လည်း ဖြစ်ပေါ်ရမယ်၊
၃။ အာကာသ (ဟင်းလင်းပြင်)လည်း ဖြစ်ရမယ်။ (ဆိုလိုတာက တောင် တခြားတဘက်ကနေ အော်နေတဲ့ အသံကို ဒီဘက်လူက မကြားရဘူးလေ၊ အဲဒီတော့ ကြားနိုင်လောက်တဲ့ အာကာသဟင်းလင်းပြင်လည်း ဖြစ်ရမယ်လို့ ဆိုလိုတာပါ။)
၎။ မနသိကာရ (ယင်းအသံအာရုံအပေါ်မှာ စိတ်ညွတ်မှု/ နှလုံးသွင်းမှု)လည်း ရှိရမယ်။ (ကိုယ်က အသံအပေါ်မှာ နှလုံးသွင်းမှု မရှိရင် ကိုယ့်အိမ်ရှေ့က အော်ဟစ်သွားတာတောင် ဘာအော်သွားမှန်း မသိလိုက်တာမျိုး ဖြစ်တတ်ပါတယ်။) ဒါကြောင့် နံပါတ် -၄-အင်္ဂါဖြစ်တဲ့ နှလုံးသွင်းဆင်ခြင်မှုကလည်း အထူး လိုအပ်ပါတယ်။

နောက်တတိယပသာဒရုပ်က “ဃာနပသာဒ=နှာခေါင်းအကြည်ရုပ်” ဖြစ်ပါတယ်။
နှာခေါင်းအကြည်ရုပ် (ဃာနပသာဒ)ဆိုတာ နှာခေါင်းအတွင်းမှာ ဆိတ်သတ္တ၀ါရဲ့ ခွါသဏ္ဍာန်နှင့် အလားတူတဲ့ နေရာအရပ်လေးကိုသာ ဆိုလိုတာပါ။ အဲဒီနေရာလေးကနေ မိမိတို့ နမ်းရှူလိုက်တဲ့ အနံ့အားလုံးကို ခံယူနိုင်တာပါ။ အဲဒီအရပ်လေးမှာ နှာခေါင်းအကြည်ရုပ်လေးက ပျံ့နှံ့တည်မှီနေပါတယ်။ နှားခေါင်းဖျားမှာ အနံ့သိတဲ့ နှာခေါင်းအကြည်ရုပ်က တည်မှီနေတာ မဟုတ်ဘူးလို့ ဆိုလိုပါတယ်။

ဃာနပသာနှင့်ဆက်စပ်ပြီး အနံ့ကို သိတဲ့ (ဃာန၀ိညာဏ်)စိတ်ဖြစ်ဖို့ အကြောင်းကလည်း -၄-ပါးရှိပါတယ်။
၁။ ဃာနပသာဒ (နှာခေါင်းအကြည်)ရုပ်ကလည်း ကောင်းမွန်ရမယ်၊
၂။ ဂန္ဓာရုံ (အနံ့အာရုံ) လည်း ရှိရမယ်၊
၃။ ၀ါယော (လေ)လည်း ရှိရမယ်၊ (အနံ့နှင့် နှာခေါင်း ထိတွေ့တယ်ဆိုတာ လေက သယ်ဆောင်ပေးလို့ ဖြစ်တယ်ဆိုတာ သိမှတ် ရပါမယ်။
၎။ မနသိကာရ (ယင်းအနံအာရုံအပေါ်မှာ စိတ်ညွတ်မှု/ နှလုံးသွင်းဆင်ခြင်မှု)လည်း ရှိရမယ်။

နောက်စတုတ္ထ ပသာဒရုပ်က “ဇိဝှါပသာဒ=လျှာအကြည်ရုပ်” ဖြစ်ပါတယ်။
လျှာအကြည်ရုပ် (ဇိဝှါပသာဒ)ဆိုတာ ချို, ချဉ်, ငံ, စပ်စတဲ့ အရသာများကို ခံယူတတ်တဲ့ လျှာ၏ အလည်မှာရှိနေတဲ့ “ကြာပွင့်ချပ်ရဲ့ အဖျားနှင့် အလားသဏ္ဍာန်တူတဲ့” နေရာအရပ်လေးကိုသာ ဆိုလိုတာပါ။ လျှာတခုလုံးက ချို,ချဉ်စတဲ့ အရသာကို ခံယူတတ်တာ မဟုတ်ပါဘူး။ အဲဒီ ကြာပွင့်ဖျားရဲ့ သဏ္ဍာန်နှင့်အလားတူတဲ့ အရပ်ကလေးမှာသာ လျှာအကြည်ရုပ်လေးက ပျံ့နှံ့တည်မှီပြီး မိမိတို့ စားသောက်တဲ့အရသာကို ခံယူတတ်ခြင်း ဖြစ်ပါတယ်။)
ဇိဝှါပသာဒနှင့်ပတ်သက်လို့ ဆက်စပ်ပြီး မှတ်သားစရာ... အရသာကို သိတ်တဲ့(ဇိဝှါဝိညာဏ်)စိတ် ဖြစ်ဖို့အကြောင်း -၄-ပါးရှိပါတယ်။
၁။ ဇိဝှါပသာဒ (လျှာအကြည်) ရုပ်ကလည်း ကောင်းမွန်ရမယ်၊(တချို့ ဒီလျှာအကြည်ရုပ်က ပျက်နေလို့ အရသာကို မသိတဲ့ အခါမျိုး ရှိတယ်နော်။
၂။ ရသာရုံ (အရသာ)ဖြစ်ဖွယ် အာရုံလည်း ဖြစ်ရမယ်၊
၃။ အာပေါ (ရေဓာတ်) သဘောလည်း ရှိရမယ်၊ (ရေဓာတ်ခန်းခြောက်နေတဲ့ အစားအစာများသည် အရသာသိစိတ်ဖြစ်ဖို့ ခက်ခဲ့တဲ့ သဘောပါ။
၎။ မနသိကာရ (အရသာ အာရုံအပေါ်မှာ စိတ်ညွတ်မှု/ နှလုံးသွင်း ဆင်ချင်မှု)လည်း ရှိရမယ်။ (အရသာကို ဆင်ခြင်မှု မရှိကြတဲ့အတွက် ကိုယ်စားလိုက်တဲ့ အစာအာဟာရအပေါ်မှာ တခါတရံ ကိုယ်စားတဲ့ အရသာကို မသိကြတာ ဖြစ်ပါတယ်။)

နောက်ဆုံး ပဉ္စမ ပသာဒရုပ်က “ကာယပသာဒ=ကိုယ်အကြည်”ရုပ် ဖြစ်ပါတယ်။
ကိုယ်အကြည်ရုပ် (ကာယပသာဒ)ဆိုတာ အပေါ်မှာ ပြောခဲ့တဲ့ ပသာဒရုပ် -၄-ပါးမှတပါးသော ကျန်ကိုယ်အင်္ဂါ အစိပ်အပိုင်းများဖြင့် ထိတွေ့မှု ဖြစ်တဲ့အခါ ခံယူတတ်တဲ့ ကိုယ်အကြည်ရုပ်ကို ဆိုလိုတာပါ။ ဒီကိုယ်အကြည်ရုပ် (ထိတွေ့လို့ ခံစားမှုဖြစ်တဲ့ ရုပ်)ဆိုတာက ဆံပင်ဖျား၊ ခြေသည်းဖျား၊ လက်သည်းဖျား၊ အသားခြောက်နေတဲ့ အသားမာအရပ်များမှာ မဖြစ်နိုင်ပါဘူး၊ မိမိတို့ တစ်တွေ အဲဒီ ဆံပင်ဖျားကို ကိုင်ကြည့်ပေါ့ ဘာမှ မသိ၊ နာကျင်မှုလည်း မဖြစ်ပါဘူး မဟုတ်လား?၊ ဆွဲနှုတ်ရင်တော့ သိမယ်ပေါ့၊ ထိတွေ့လို့ နာကျင်၊ ခံစားမှုဖြင့် သိတာကိုပြောတာပါ။ နောက် ခြေသည်းဖျားကိုလည်း ကိုက်ဖြတ်နေကြတာ မနာကျင်ဘူး မဟုတ်လား။ ဒါကြောင့် အဲဒီအရပ်တွေကို ဒီကာယပသာဒ (ကိုယ်အကြည်ရုပ်)ထဲ ထည့်မရပါဘူး။ ကျန်တဲ့ ထိတွေ့လို့ သိနိုင်၊ နာကျင်နိုင်တဲ့၊ ထိတွေ့လို့ ထိတွေ့မှန်း သိတဲ့ အရပ်များမှာ ဒီကိုယ်အကြည်ရုပ် (ကာယပသာဒ)က ပျံ့နှံ့တည်မှီနေပါတယ်။

ဒီကိုယ်အကြည်ရုပ် (ကာယပသာဒ)နှင့် ဆက်စပ်ပြီး မှတ်သားစရာ... ထိတွေ့မှုကို သိတဲ့ (ကာယ၀ိညာဏ်)စိတ် ဖြစ်ဖို့ကလည်း အကြောင်း -၄-ပါး ရှိရပါတယ်။
၁။ ကာယပသာဒ (ကိုယ်ခန္ဓာအကြည်)ရုပ်လည်း ကောင်းမွန်ရမယ်၊ (ဆံပင်ဖျားကို ထိလို့ နာမှန်း မသိ၊ လက်သည်းဖျား၊ ခြေသည်းဖျာကို ကိုက်ဖျတ်လို့ ဘာမျှ မသိ၊ ထို့ကြောင့် ကိုယ်အကြည်ရုပ် (ကာယပသာဒ)ဆိုတာ ထိတွေ့လို့ နာကျင်မှု ဖြစ်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း ဖြစ်ရမယ်။)
၂။ ဖောဋ္ဌဗ္ဗာရုံ (ထိတွေ့မှုကို သိနိုင်တဲ့ အာရုံ)လည်း ဖြစ်ရမယ်၊
၃။ ပထ၀ီ (ခက်မာတဲ့ သဘောရှိတဲ့) ရုပ်ဝတ္ထုလည်း ဖြစ်ရမယ်၊ (ထိလို့ မသိနိုင်တဲ့ လေစသည် မဟုတ်ရဘူးလို့ ဆိုလိုတာပါ)
၎။ မနသိကာရ (ထိတွေ့မှု အာရုံအပေါ်မှာ စိတ်ညွတ်မှု/ နှလုံးသွင်း ဆင်ခြင်မှု)လည်း ရှိရမယ်။
ဒါတွေက ပသာဒရုပ် (အကြည်ရုပ်)များနှင့် ပတ်သက်လို့ အဓိပ္ပါယ်များ ဖြစ်ပါတယ်။ ဒီလောက်ဆို ပသာဒရုပ်များအကြောင်း နားလည်လောက်ပါပြီးနော်။ ဒီနေ့ ဒီမျှသာ။

ကူးယူချင်တယ်

0 comments: